ခံတွင်းအနံ့ဆိုးထွက်တာ သက်သာဖို့ ဒါတွေလုပ်ပေးကြည့်ပါ
ခံတွင်းအနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကျန်းမာရေးအရလည်း ရေရှည်မှာ ဆိုးကျိုးတွေသာဖြစ်စေနိုင်သလို ကိုယ့်ရဲ့လူမှုရေး၊ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ရဲ့ခံတွင်းအနံ့ကြောင့် အရှက်ရစရာတွေ ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ နေ့တိုင်း ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံကြောင့် အများဆုံး သက်ဆိုင်သလို ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းတွေကို သေချာကြည့်မယ်ဆိုရင်
· သွားသေချာမတိုက်တာ၊ တစ်နေ့ သွား (၂) ကြိမ်ပြည့်အောင် မတိုက်တာ
· အနံ့ပြင်းတဲ့ အစားအစာနဲ့ ဖျော်ရည်တွေ စားသုံးတာ
· သွားနဲ့ သွားဖုံးမှာ ရောဂါဖြစ်နေတာ၊ ပိုးဝင်နေတာ
· Diet Plan တွေကို အပြင်းအထန်လုပ်နေတာ
· ခံတွင်းခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ စားချင့်ရည်ပြန်တက်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေ
· ဆေးလိပ်သောက်ခြင်း
· အရက်သောက်ခြင်း
· အစာစားပြီး ပလုတ်မကျင်းခြင်း
· ညအိပ်ကာနီး အစာစားခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ခံတွင်းအနံ့ဆိုးတာ ဆရာဝန်နဲ့ ပြဖို့လိုအပ်လား။
ပုံမှန်အားဖြင့်တော့ ခံတွင်းအနံ့ဆိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ (၆) လ တစ်ကြိမ် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသပြီး ကိုယ့်ခံတွင်းအခြေအနေကို စစ်ဆေးကြည့်သင့်ပါတယ်။ ဘာပြဿနာမှ မတွေ့ရဘူးဆိုရင်လည်း သွားကျောက်ခြစ်တာလိုမျိုး ခံတွင်းသန့်ရှင်းရေးတွေ လုပ်ပေးနိုင်သလို ပြဿနာအထွေအထူး တွေ့ရတယ်ဆိုရင်လည်း စောစောစီးစီး သိနိုင်လို့ ကုသမှုခံယူဖို့ စတင်နိုင်ပါတယ်။
ခံတွင်းအနံ့ဆိုး သက်သာအောင် ဘာတွေလုပ်ပေးနိုင်မလဲ။
၁။ သွားကို စနစ်တကျတိုက်ပါ။
တစ်နေ့ မနက်အိပ်ရာထချိန် (၁) ကြိမ်၊ ညအိပ်ကာနီး (၁) ကြိမ် သွားတိုက်တံ၊ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ စနစ်တကျတိုက်ပေးဖို့ လိုပါတယ်။ သွားတိုက်ခြင်းက ကိုယ့်ရဲ့ခံတွင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးအများစုကို ဖယ်ရှားပေးလို့ မလိုလားအပ်တဲ့ အနံ့ဆိုးနဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၂။ သွားပွတ်ကြိုး အသုံးပြုပါ။
မြန်မာနိုင်ငံမှာတော့ သွားပွတ်ကြိုး (Floss) သုံးတဲ့သူ တော်တော်လေးနည်းနေသေးပေမယ့် တကယ်တမ်း ခံတွင်းကျန်းမာရေးအတွက် နေ့စဉ်မလုပ်မဖြစ် အလေ့အကျင့်ထဲမှာ ပါပါတယ်။ ချည်မျှင်ပါးပါးလေးဖြစ်တဲ့ သွားပွတ်ကြိုးကို သွားကြားထဲက ကပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားဖို့အတွက် အဓိကအသုံးပြုပါတယ်။ သွားပွတ်တံနဲ့ သွားတိုက်လို့ တော်ရုံဖယ်ရှားလို့မရတဲ့ ကြားထဲက အစာတွေကို ဖယ်ရှားပေးတာဖြစ်လို့ သွားပိုးစားတာ၊ ခံတွင်းအနံ့ဆိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
၃။ လျှာခြစ်တံ အသုံးပြုပါ။
စားလိုက်တဲ့အစားအစာတွေဟာ သွားတင်မကဘဲ လျှာပေါ်မှာလည်း ကပ်ငြိနေနိုင်ပါတယ်။ ကိုယ့်ရဲ့သွားကိုတော့ ဂရုစိုက်ပေးပြီး လျှာကိုမေ့ထားလိုက်တဲ့အခါ အစားအစာနဲ့ ဖျော်ရည်တွေက လျှာပေါ်မှာ ကပ်ငြိပြီး အချိန်ကြာလာတာနဲ့အမျှ အဖြူရောင်အရိအချွဲတွေ ဖြစ်လာသလို ခံတွင်းအနံ့ဆိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ရက်ကို တစ်ကြိမ်လောက်တော့ လျှာခြစ်တံနဲ့ ကိုယ့်ရဲ့လျှာပေါ်က အရိအချွဲတွေကို ခြစ်ချပေးပါ။
၄။ အစားအစာတစ်ခုခု စားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
ဘာပဲစားပြီးပြီး သွားပြန်တိုက်ဖို့ မလိုပါဘူး။ ဒါပေမယ့် ပလုတ်ကျင်းပေးခြင်းဖြင့် အပေါ်ယံမှာ ကပ်ငြိနေတဲ့ အစားအစာနဲ့ ဘက်တီးရီးယားပိုးအများစုကို ဖယ်ရှားပေးသလို ကိုယ့်ရဲ့ခံတွင်းထဲမှာ လက်ရှိစားလိုက်တဲ့ အစားအစာရဲ့အနံ့တွေကို သိသိသာသာ လျော့နည်းသွားစေပါတယ်။ ရိုးရိုးရေကျက်အေးနဲ့ ပလုတ်ကျင်းပေးနိုင်သလို ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးနိုင်ရင်တော့ ပိုပြီးကောင်းပါတယ်။
၅။ ခံတွင်းသန့်စင်ဆေးရည် အသုံးပြုပါ။
များသောအားဖြင့် ခံတွင်းသန့်စင်ဆေးရည်ကို ညအိပ်ကာနီးမှာ သုံးတာအကောင်းဆုံးဆိုပေမယ့် ကိုယ်က လုပ်ငန်းခွင်မှာ၊ အပြင်မှာ လူအများစုနဲ့ စကားပြောဆက်ဆံရဦးမယ်ဆိုရင်တော့ တစ်ခုခုစားထားသည်ဖြစ်စေ၊ မစားထားသည်ဖြစ်စေ ကြိုပြီး ခံတွင်းသန့်စင်ဆေးရည်ကို ပါးစပ်ထဲငုံပြီး ပလုတ်ကျင်းပေးနိုင်ပါတယ်။
၆။ အနံ့ပြင်းတဲ့ အစားအစာတွေကို စားတာ တတ်နိုင်သလောက်ရှောင်ပါ။
ကြက်သွန်ဖြူ၊ ချင်း၊ ချောကလက်၊ ကော်ဖီ စတဲ့ အစားအစာတွေဟာ ခံတွင်းထဲမှာ အနံ့ဆိုးကို ကြာရှည်စွာကျန်ခဲ့စေနိုင်တာကြောင့် ကိုယ်က အပြင်မှာရောက်နေတယ်ဆိုရင်တော့ တတ်နိုင်သလောက် ရှောင်စားပေးသင့်ပါတယ်။ အကယ်လို့ မရှောင်နိုင်ဘူးဆိုရင်လည်း စားပြီးတာနဲ့ ပလုတ်ကျင်းဖို့ မမေ့ပါနဲ့။
ရေးသားသူ - ရဲမျိုးမြတ်